အထိုင်များတဲ့ ကိုယ်ဝန်ဆောင်တွေ ဘယ်လို ကျန်းမာရေးပြဿနာ ခံစားရနိုင်လဲ
ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းပြောင်းလဲမှုကြောင့် စိတ်ဖိစီးမှုကို ခံစားရတာနဲ့အတူ ကိုယ်ဝန်ဆောင်တော်တော်များများက အထိုင်များတတ်ကြပါတယ်။ အထူးသဖြင့်တော့ ကိုယ်ဝန်ဆောင်ကာလ ဒုတိယ ၃ လပတ်မှာ အထိုင်များကြပြီး ကိုယ်အလေးချိန်တွေ တက်လာတာ၊ ကိုယ်ဝန်ဆောင်ချိန် အဝလွန်တာ၊ ကိုယ်ဝန်ဆောင် ဆီးချိုနဲ့ အမျိုးမျိုးသော နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ခံစားကြရပါတယ်။
ဒီတစ်ခေါက်မှာတော့ ချစ်ရတဲ့ ကိုယ်ဝန်ဆောင်စာဖတ်ပရိသတ်ကြီးအတွက် ကိုယ်ဝန်ဆောင်ချိန်မှာ အထိုင်များမယ်ဆိုရင် ဘယ်လိုမျိုး ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်လဲဆိုတာကို ပြောပြပေးသွားချင်ပါတယ်။ စာလေးကို ဆုံးအောင် ဖတ်ကြည့်ပြီး ဆင်ခြင်လို့ ရတာလေးတွေကို ဆင်ခြင် လိုက်တော့နော်။
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်အများစု ကိုယ်အလေးချိန် အဆမတန် တိုးလာတာ၊ ကိုယ်ဝန်ဆောင်ဆီးချိုရောဂါတွေကို ခံစားရတာက စိတ်ဓာတ်ကျတာရဲ့ အကျိုးဆက် အထိုင်များတာကြောင့်ပါလို့ သုတေသီတွေက မှတ်ချက်ပြုထားကြပါတယ်။
နောက်ထပ် အထိုင်များရတာက လုပ်ငန်းခွင်ဝင်နေတဲ့ မေမေတွေမှာဆိုရင်လည်း လုပ်ငန်းခွင် လိုအပ်ချက်ကြောင့် အထိုင်များတာမျိုး ရှိနိုင်ပါတယ်။ တကယ်ကတော့ ဘယ်လိုမျိုး အကြောင်းပြချက်နဲ့ပဲ အထိုင်များများ ကိုယ်ဝန်ဆောင်ချိန်မှာ အထိုင်များတာက မိခင်ရော ရင်သွေးလေးအတွက်ပါ မကောင်းတာတော့ အမှန်ပါပဲ။
- ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်လက်လှုပ်ရှားမှု မရှိဘဲ အထိုင်များတာက ကိုယ်အလေးချိန် မြင့်တက်စေပြီး ကိုယ်ဝန်ဆောင် ဆီးချို ဖြစ်မယ်ဆိုရင် ပေါင်မပြည့်ဘဲ မွေးဖွားတာ၊ လမစေ့ဘဲ မွေးဖွားတာမျိုး ရှိနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်မှာ ဆီးချိုခံစားရမယ်ဆိုရင်တော့ မွေးဖွားပြီးချိန်မှာ မိခင်ရော ရင်သွေးလေးမှာပါ နောက်ဆက်တွဲ ကျန်းမာရေးပြလမ်ဿနာတွေ ရှိလာနိုင်ပါတယ်။
- ကိုယ်ဝန်ဆောင်ချိန်မှာ အထိုင်များတာက ကလေးဆီကို သွေးနဲ့ အောက်ဆီဂျင် ရောက်ရှိမှုမှာ အတားအဆီး ဖြစ်စေနိုင်ပါတယ်။ ဒီလိုအခြေအနေက ကလေးကို ကြီးထွားမှုအပိုင်းမှာ ထိခိုက်စေတာမျိုး ဖြစ်စေနိုင်ပါတယ်။
- အဝလွန်နေတာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကလေးမွေးဖွားချိန်မှာလည်း မွေးဖွားရခက်တာကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ဆီးချိုက နောက်ဆက်တွဲ အနေနဲ့ မိခင်ဆီမှာ အချိန်မရွေး အမျိုးအစား -၂ ဆီးချို ဖြစ်သွားစေနိုင်ပါတယ်။
ဒါကြောင့် မီးဖွားရလွယ်စေဖို့ရော မိခင်ရော ကလေးပါ ကျန်းမာစေဖို့ဆိုရင် တစ်နေ့တာကို ကိုယ်လက်လှုပ်ရှားမှု ရှိအောင် ဂရုစိုက်ပေးပါ။ လမ်းပုံမှန် လျှောက်ပေးတာမျိုး လုပ်ဆောင်ပေးတာ ကိုယ်ဝန်ဆောင် ယောဂ လေ့ကျင့်တာ၊ အစားအစာတွေကို အလွန်အကျွံ စားတာမျိုးတွေ မလုပ်ဖို့ လိုပါမယ်။
ကိုယ်ဝန်ဆောင်ချိန်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ပြီး ကိုယ်အလေးချိန် ထိန်းညှိတာ၊ သင့်တော်တဲ့ လေ့ကျင့်ခန်းတွေ လုပ်ဆောင်တာမျိုးတွေ လုပ်ပေးပါ။ လေ့ကျင့်ခန်း လုပ်ဆောင်တာက ဟော်မုန်း ပြောင်းလဲမှုကြောင့် စိတ်ဓာတ်ကျတာကို အတိုင်းအတာ တစ်ခုအထိ ကာကွယ်ပေးနိုင်ပါတယ်။ လေ့ကျင့်ခန်းတွေ အများကြီး မလုပ်နိုင်ရင်တောင် လမ်းပုံမှန် လျှောက်ပေးတာကလည်း အဆင်ပြေပါတယ်။ အချိုကဲ၊ အငန်ကဲတာတွေကို ရှောင်ပါ။ သစ်သီးတွေနဲ့ အသီးအရွက်တွေ များများ စားပေးတာမျိုးတွေ လုပ်ဆောင်ပေးပါ။ အိပ်ရေးလည်း ဝဝ အိပ်စက်ပါ။
လုပ်ငန်းခွင် လိုအပ်ချက်ကြောင့် အထိုင်များတယ်ဆိုရင်လည်း သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှုလေးတွေ လုပ်ဆောင်ဖို့ မမေ့ပါနဲ့။ ပုံမှန် ကိုယ်လက်လှုပ်ရှားမှု ရှိနေတာက ကိုယ်ဝန်ဆောင်ချိန် အထိုင်များတာကို ကာကွယ်ပေးနိုင်သလို မွေးဖွားရ လွယ်ကူစေပြီး မိခင်ရော ရင်သွေးလေးကိုပါ ကျန်းမာစေမှာပါ။ မီးဖွားပြီးချိန်မှာလည်း ခန္ဓာကိုယ်ကို ကြံ့ခိုင်လာစေဖို့ အားဖြည့်ကူပေးနိုင်မှာပါ။
မွန်မွန်